ဇာတ်ကားများ ရွေးရန်

Alpha Dog

2006ဇာတ်ကားBlu-ray 1080p

ယခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၀၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Alpha dog လို့အမည်ရတဲ့ Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားလေးက ၂၀၀၀ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ မူးယစ်လောကက ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာပါ။ IMDb 6.9 ရထားတဲ့အပြင် ဂျက်စတင်တင်ဘာလိတ်၊ ဘန်ဖိုစတာ၊ ဘရုဝီလီစ်စတဲ့ နာမည်ကြီးသရုပ်‌ဆောင်တွေ ပါ၀င်ရိုက်ကူးထားတာမို့ အထူးပြောစရာကို မလိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ဖရန်ကီ၊ ဂျိတ်မာဇာစကီ၊ ဂျွန်နီနဲ့ အယ်ဗစ်တို့ဟာ မူးယစ်ဆေးရောင်း၀ယ်ကြတဲ့လူငယ်တွေပါ။ လူငယ်တွေဖြစ်တဲ့အပြင် မိဘတွေရဲ့သွန်သင်‌ဆုံးမမှုကိုလည်း မရခဲ့ကြတာမို့ ထင်တိုင်းကြဲကြတဲ့သူတွေဆိုလည်း မမှားပါဘူး။ တစ်နေ့မှာတော့ ဂျွန်နီနဲ့ ဂျိတ်မာဇာစကီတို့ မူးယစ်ဆေးရောင်း၀ယ်တဲ့ကိစ္စမှာ ပြဿနာတက်ပြီး တစ်ယောက်နဲ့တစ်ယောက် မဲကြပါတော့တယ်။တကယ်တော့ ဂျိတ်က ဂျွန်နီ့အပေါ် အကြွေးပေးရမယ့်ကိစ္စနဲ့ပတ်သက်ပြီး ပြဿနာတတ်တာပါ။ အပ်နဲ့ထွင်းရမယ့်အရာကို ပုဆိန်နဲ့ထွင်းကြတဲ့ မူးယစ်လောကရဲ့ထုံးစံအတိုင်း ဂျိတ်က ဂျွန်နီကို သတ်ဖို့လုပ်ပါတော့တယ်။ ဒါကြောင့် ညကြီး သူ့အိမ်ကို သွားခဲ့ပေမယ့် ဂျွန်နီကို မတွေ့ခဲ့ပါဘူး။ဒါနဲ့ အိမ်ကိုပဲဖျက်စီးပြီး ပြန်သွားလိုက်ပါတယ်။ ဂျွန်နီလည်း ဂျိတ်ကို ပြန်လက်စားချေဖို့ သူ့အိမ်ဆီ သွားပေမယ့် ဂျိတ်ကို မတွေ့ခဲ့ပါဘူး။ အဲ့အစား လမ်းမှာ ဂျိတ်ရဲ့ညီ ဇက်ကို တွေ့တာနဲ့ ပြန်ပေးဆွဲလာခဲ့ကြပါတယ်။ ဇက်က ဂျိတ်ရဲ့အဖေတူအမေကွဲညီဖြစ်ပြီး သူ့အမေက ဖူးဖူးမှုတ်ထားတဲ့ဆယ်ကျော်သက်ကလေးတစ်ယောက်ပါ။ ငယ်ရွယ်သူတို့ထုံးစံအတိုင်း အမေဖြစ်သူရဲ့တစိမ့်စိမ့်နောက်ကနေ ဂရုစိုက်ပေးတာကို စိတ်ကျဉ်းကျပ်တယ်လို့ ခံစားရတဲ့အတွက် အိမ်ကနေ ထွက်အလာမှာ ဂျွန်နီတို့ရဲ့ပြန်ပေးဆွဲတာကို ခံလိုက်ရတာပါ။ ဒါနဲ့ ဂျွန်နီက ပွဲတစ်ခုကိုသွားမယ်ဆိုပြီး ဖရန်ကီကို ဇက်ကို စောင့်ကြည့်ခိုင်းလိုက်ပါတယ်။ ဇက်က သူ့ကို သူ့အစ်ကိုကြောင့် ပြန်ပေးဆွဲတာကို သိတဲ့အတွက် မတုန်လှုပ်ပဲ အေးအေးဆေးဆေးပဲဖြစ်နေတာပါ။ ဒါနဲ့ ဖရန်ကီလည်း ဇက်ကို စောင့်ကြည့်ဖို့ သူ့အိမ်ကို ခေါ်သွားလိုက်ပါတယ်။ တစ်ဖက်မှာလည်း ဇက်ပျောက်သွားတဲ့အတွက် သူ့အိမ်မှာ မိုးမီးလောင်နေပါတယ်။ ဂျိတ်ကတော့ ဂျွန်နီလက်ချက်မှန်းသိတဲ့အတွက် ကုန်းမြေရေအဆုံးလိုက်ဖို့ ကြုံးဝါးနေပါတော့တယ်။ အစက ဂျိတ်ကို ပိုက်ဆံပြန်ပေးအောင် တွန်းအားပေးဖို့အတွက် ဇက်ကို ဖမ်းထားတာဆိုပေမယ့် ပြဿနာက တစ်စတစ်စပိုကြီးလာပါတော့တယ်။ ဂျွန်နီက ပြဿနာကြီးလာတော့မယ်မှန်း ရိပ်မိတဲ့အတွက် ဂျိတ်ကို ဖုန်းဆက်ပြီး ပြဿနာတွေရှင်းဖို့ လုပ်ပါတော့တယ်။ ဒါပေမယ့် ဒေါသမိုးမီးလောင်နေတဲ့ ဂျိတ်ကတော့လုံး၀နားမထောင်ပဲ ဂျွန်နီကို သတ်မယ်လို့ပဲ ကြိမ်းနေတာပါ။ ဒါနဲ့ ဂျွန်နီလည်း ရှေ့နေတစ်ယောက်ကို ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးကြည့်တဲ့အခါ ပြန်ပေးဆွဲမှုမြှောက်တဲ့အတွက် ထောင်တစ်သက်တစ်ကျွန်းအထိ ကျနိုင်ကြောင်းပြောလိုက်ပါတယ်။ ရွေးချယ်စရာမရှိ‌တော့ဘူးလို့ ထင်သွားတဲ့ ဂျွန်နီရဲ့ခေါင်းထဲမှာ အင်မတန်ရက်စက်တဲ့အကြံတစ်ခုပေါ်လာပါတော့တယ်။ တစ်ဖက်မှာလည်း သူ့အစ်ကိုပိုက်ဆံပေးလိုက်ရင် အိမ်ပြန်ရမယ်လို့ ထင်နေတဲ့ ဇက်ကလည်း ဖရန်ကီရဲ့အိမ်မှာ အေးဆေးပျော်ပါးနေတာပါ။ ဒီတော့ သာမန်ကိစ္စလေးတစ်ခုကနေ ပြဿနာတွေစုပုံသွားတဲ့အခါ ဘာတွေဖြစ်လာမလဲ။ ဇက်ကိုရော အိမ်ပြန်ပို့ပေးကြမှာလား။ ဂျွန်နီကရော ဘယ်လိုအကြံတွေစိတ်ကူးထားလဲ။ စတာတွေကို မမျှော်လင့်ထားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ မူးယစ်လောကရဲ့ဘာသာစကားက အကြမ်းဖက်ခြင်းဆိုတဲ့အတိုင်း ကိစ္စတွေက ဘယ်လောက်တောင် အရုပ်‌ဆိုးအကျဉ်းတန်သွားနိုင်လဲ။ ဆုံးဖြတ်ချက်လေးတစ်ခုက ဘ၀တွေကို ဘယ်လိုပြောင်းလဲပေးနိုင်လဲ စတာတွေကို တကယ့်ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုအပေါ် အခြေခံပြီး ရိုက်ကူးထားတာမို့ တမူထူးခြားတဲ့ရသကို ပေးစွမ်းနိုင်မယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ သာမန်ကြည့်နေကြဇာတ်ကားတွေလို လူဆိုးတွေကိုနှိမ်နင်း လူကောင်းတွေက အနိုင်ရ ပျော်ရွှင်စွာနေထိုင်သွားကြဆိုတဲ့ပုံစံမျိုးမဟုတ်ပဲ reality ကိုချပြထားတာမို့ အမြန်ပဲကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဇာတ်လမ်းအကြောင်း